Skip to content
January 11, 2012 / zingyi

ဆရာကြီး၏ကျေးဇူးကြောင့်ပင် ကျွန်တော်တို့ သည်မစ္စတာသုခ၊ မစ္စတာဇ၀န၊ မစ္စတာရန်အောင်၊ မစ္စတာမောင်လှ ဖြစ်မနေကြပဲ ‘ မောင် ၊ကို ၊ဦး ‘ ဆိုသော အရွယ်အလိုက်ခေါ်ဝေါ်သုံးစွဲသည့်မြန်မာ့ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာကိုထိန်းနိုင်ကြခြင်းဖြစ်ပါသည်။”
အထက်ပါစာသားသည် လူထုဦးလှ က ဆရာကြီးသခင်ကိုယ်တော်မှိုင်းဈာပန တွင်ဖတ်ကြားသောစာတမ်းမှကောက်နှုတ်ချက်ဖြစ်ပါသည်။

ကျွန်တော်ဒီကောက်နှုတ်ချက်ကိုပြန်လည်ဖော်ပြရခြင်းမှာ……
ယနေ့ ခေတ်တွင်လူသုံးအများဆုံးသော social network ဖြစ်သည့် Facebook ပေါ်မှ စိတ်ထဲဘ၀င်မကျတာအချို့ ပြောချင်သောကြောင့်ဖြစ်ပါသည်။
Facebook ပေါ်တွင်များသောအားဖြင့်တော့ အမည်ရင်းကိုသာအသုံးပြုကြခြင်းဖြစ်သည်။
အချို့ ကတော့ Nick Name ဖြင့်အသုံးပြုကြသည်။ကျွန်တော်ဘ၀င်မကျတာက ဟိုမရောက်သည်မရောက်အချို့ ဖြစ်သည်။
ထိုအချို့ သောသူတို့ မှာ
မိမိတို့ ၏ဗမာအမည်များရှေ့တွင်ခပ်ဆန်းဆန်း English စာလုံးတို့ နှင့်တွဲဖက်ကာ ဖက်ရှင်လုပ်နေကြသည်။ပုံတွေကလည်းအလန်းစားတွေနှင့်ဆိုတော့ တစ်ခါတစ်လေ Profile ကြည့်မှပင်မြန်မာပါလားဟုမှတ်ချက်ချရသည်အထိဖြစ်ပါသည်။
မြန်မာအမည် ဟူသည် မိမိတို့ ၏မြန်မာမိဘတို့ မှအဓိပ်ပါယ်ရှိရှိ မှည့်ခေါ်ထားကြခြင်းဖြစ်ပေသည်။
မြန်မာမိဘများ မှ ပေါက်ဖွားလာသော မြန်မာစစ်စစ်တို့ က ဘာကြောင့်ကပြားတွေဖြစ်ကုန်ကြသလဲစဉ်းစားမရပါ။
အမေရင်းအဖေရင်းကပေးခဲ့သောမြန်မာအမည်ကို ဘယ်ကပထွေးပေးတဲ့အမည်များနှင့်အစားထိုးထားသည်မသိ။အမည်မှည့်ပေးထားသောမိဘများမည်သို့ နေမည်နည်း။
ထို English စာလုံးလေးများကလူထင်ကြီးအောင်စွမ်းဆောင်နိုင်သည်လား။
ဘာတွေကိုအထင်ကြီးနေကြသလဲမစဉ်းစားတတ်တော့ပါ။
ကျွန်တော် English စာကိုဝေဖန်နေခြင်းမဟုတ်ပါ။
English စာသည်များစွာအသုံးဝင်သည်၊အကျိုးရှိသည်ကို အကြွင်းမဲ့လက်ခံပါသည်။
သူတို့ လူမျိုးများတော်ကြသည်ဆိုသည်ကိုလည်းလက်ခံပါသည်။
အထင်ကြီးထိုက်သည်များရှိကြောင်းလည်းဝန်ခံပါသည်။
သို့ သော်သူတို့ ကိုအထင်ကြီးခြင်းသည်ကိုယ့်လူမျိုးကို အထင်သေးခြင်း၏အရင်းခံအကြောင်းအရာတော့မဖြစ်သင့်ပါ။
အတုယူခြင်းကအလွန်ကောင်းပါသည်။အတုလုပ်ခြင်းကတော့ဆက်စုပ်ဖွယ်ဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံ၊ကျွန်တော်တို့ လူမျိုးသည် နယ်ပယ်အတော်များများတွင်နောက်ကျနေသည်မှာမှန်ပါသည်။
ထားပါတော့ငယ်ငယ်တုန်းကပုံပြင်လို ကျွန်တော်တို့ တွေက ကျီးမျိုးပဲဆိုပါစို့ ။
ဒေါင်းတွေလိုမလှတာတော့အမှန်ပေမယ့်ကျီးမှာလည်းကျီးအစွမ်းအစတော့ရှိပေမပေါ့။ကိုယ့်ကျီးမျိုးကဂုဏ်ငယ်တယ်ထင်ရင်တောင်(အမှန်တကယ်ဂုဏ်ငယ်ခြင်းမဟုတ်ဟုကျွန်တော်ယူဆပါသည်)ဂုဏ်တက်အောင် စွမ်းဆောင်ရမှာကျီးတွေကိုယ်တိုင်ပဲမဟုတ်လား။ ဘယ်သူမှလုပ်မပေးပါဘူး။
ဒေါင်းယောင်ဆောင်လိုက်ရုံနဲ့ လည်းကျီးသိက္ခာမတက်နိုင်၊ပိုလို့ ပင်ကျလိမ့်ဦးမည်။ကိုယ်တိုင်တောင်အထင်သေးနေရင်ဘယ်သူကလေးစားမှာလဲ။
နောက်တစ်ချက်ပြောချင်သည်က ဟိုတနေ့ ကကျွန်တော်ဖတ်လိုက်ရသည့်အကြောင်းဖြစ်သည်။ နိုင်ငံရပ်ခြားတွင်အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသောမြန်မာတို့ ၏အမည်များခေါ်ရာတွင်လေယူလေသိမ်းကြောင့်အလွဲလေးတွေ၊ဟာသလေးတွေဖြစ်ရသည်။ထိုကကိစ္စမရှိ။ ကိစ္စက မြန်မာလူမျိုးများကို Mr,Mrs,Ms,Miss ဟုသာတပ်ခေါ်ကြသည်။
သူတို့ လူမျိုးတွေကိုအမည်ခေါ်လျှင်ကျွန်တော်တို့ မည်သို့ ခေါ်ကြသနည်း။ကျွန်တော်တို့ ဓလေ့အတိုင်း ဦး၊မောင်၊ဒေါ်၊မ စသဖြင့်တပ်ခေါ်ကြပါသလား။သူတို့ ၏ဓလေ့တို့ ကိုလေးစားသောအားဖြင့် Mr,Mr.s,Ms,Miss စသဖြင့်ခေါ်ဝေါ်ကြသည်မဟုတ်ပါလား။သို့ ဆိုပါလျှင်အပြန်အလှန်အားဖြင့်သူတို့ ကလည်းကျနော်တို့ ရဲ့ဓလေ့ကိုလေးစားသမှုဖြင့် ဦး၊ကို၊မောင်၊မ၊ဒေါ် စသဖြင့်ခေါ်ဝေါ်စေရမည်မဟုတ်ပါလား။Mr,Mr.s,Ms,Miss အခေါ်ခံရခြင်းကိုဂုဏ်ယူစရာထင်နေပါသလား။အမှန်စင်စစ် ထိုသို့ ခေါ်ခြင်းသည်ကျွန်တော်တို့ လူမျိုး၏ယဉ်ကျေးမှု၊ဓလေ့တို့ ကိုအလေးမထားခြင်းဖြစ်ပေသည်။ထပ်တွေးလျှင်ကျွန်တော်တို့ ကိုနှိမ့်ချဆက်ဆံခြင်းပင်ဖြစ်သည်။ဘာကိုဂုဏ်ယူနေကြသနည်း။

မြန်မာနာမည်ကိုဂုဏ်ယူစွာပြောဆိုပါ။ဂုဏ်ယူစရာဖြစ်အောင်လည်းကြိုးစားပြကြပါ။တိုင်းပြည်ရဲ့ Image ကတိုင်းသူပြည်သားတွေကိုယ်တိုင်မြှင့်တင်ယူရမှာပါ။သူများအထင်မသေးရဲအောင်ကိုယ်တိုင်အထင်ကြီးအောင်နေပြကြပါ။
ကျေးဇူးတင်လျက်
မောင်ဇင်ကြီး